ကလေးပြောတာ နားထောင်ပေးပါ


Mother and baby indoors
ကလေးပြောတာ နားထောင်ပေးပါ
ကျောင်းတက်ခါစ ပထမဦးဆုံး ရက်သတ္တပတ်မှာ ကလေးတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ပူပန်မှုမျိုး၊ စိတ်ဖိစီးမှုမျိုးကို မိဘများက တာဝန်ယူ ဖြေရှင်းပေးသင့်ပါတယ်။ အချိန်တန်ရင် သူ့ဟာသူ ဖြစ်သွားမှာပဲဆိုပြီး ပစ်မထားသင့်ပါဘူး။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မိဘနဲ့ သားသမီးကြားမှာ ဟန်ချက်ညီနိုင်မယ့် အချက်အလက်ကလေးတွေကို တင်ပြလိုက်ပါတယ်။

၁။ မိသားစု ထမင်းဝိုင်း ဆင်နွှဲပါ
မိသားစုအားလုံး မဆုံနိုင်ရင်တောင် မိခင်နှင့်ကလေးကတော့ ထမင်းလက်ဆုံ စားသင့်ပါတယ်။ ဒီလို အတူတူမစားဘူးဆိုရင် ကလေးရဲ့ တနေ့တာအတွေ့အကြုံတွေ၊ အကြောင်းတိုက်ဆိုင်လို့ ဖြစ်ပေါ်နေတဲ့ စိတ်ဆန္ဒတွေ၊ ကလေးမှာရှိနေတဲ့ လိုအပ်ချက်တွေကို သင့်အနေနဲ့ သိခွင့်ရမှာမဟုတ်ပါဘူး။ ထမင်းစားဝိုင်းမှာ မိသားစုနဲ့အတူတူ စုံညီစွာ ၀ိုင်းဖွဲ့စားသောက်ခြင်းဟာ သင့်ကလေးကို အသင်းအဖွဲ့နဲ့ နေတတ်အောင် သင်ကြားပေးနေခြင်းပါပဲ။ အကျိုးထူးကတော့ ညစာစားရင်း သင်နဲ့ သင့်ကလေးဟာ စကားစမြည် ပြောကြ၊ မေးကြမြန်းကြမယ်ဆိုရင် ကလေးရဲ့ တနေ့တာ ရင်ဆိုင်နေရတာတွေ၊ လှုပ်ရှားနေတာတွေကို သင်-မျက်ခြည်မပြတ် သိရပါလိမ့်မယ်။

၂။ အခွင့်အလမ်း ဖန်တီးပေးပါ
ကလေးရဲ့စိတ်ထဲမှာ ဖြစ်နေတာတွေကို မျှဝေခံစားဖို့ သူတို့ကို ပြောပြခွင့်ပေးပါ။ အကောင်းဆုံး အခြေအနေကတော့ ကျောင်းကိုလိုက်ပို့တဲ့အချိန်မှာ ကလေးနဲ့ လမ်းအတူတူလျှောက်ရင်းဖြစ်ဖြစ်၊ အိမ်အလုပ်တွေ အတူတူလုပ်ရင်းဖြစ်ဖြစ်ပေါ့၊ အခြေအနေတရပ်ရပ်ကို ဖန်တီးရင်း စကားပြောခွင့် ပေးဖို့က အရေးကြီးပါတယ်။ ကလေးအတွက် သိပ်ခက်ခဲနေတဲ့ တချို့ကိစ္စရပ်တွေဟာ ကလေးကို ဒီလိုစကားပြောဖို့ အခွင့်အလမ်းပေးရင်းနဲ့ပဲ အလိုလိုပြေလည်သွားတတ်ပါတယ်။

၃။ မေးခွန်းကို ဂရုစိုက်ပါ။ ချက်ချင်း မဖြေပါနဲ့ ( ပြီး-ပြီးရော မဖြေပါနဲ့ )
ကလေးပြောလို့ မပြီးသေးဘဲ စကားဖြတ်ပြီး အတင်း ၀င်ပြောတာမျိုး၊ အကြံဉာဏ်ပေးတာမျိုး၊ ဆုံးမတာမျိုးတွေဟာ စိတ်မရှည်တဲ့ မိဘတွေမှာ ဖြစ်တတ်ပါတယ်။ ကလေးတွေ တွေးတတ်တဲ့ အတွေးတခု ရှိပါတယ်။ ( မိဘတွေဟာ ဆူဖို့ ပြောဖို့ပဲ သိတယ်၊ ငါတို့တင်ပြတာကို နားမထောင်ဘူး၊ ဆိုတာမျိုးပေါ့။ သတိထားစရာပါ-နော်။ ကလေးက သူ့အတွက် ခက်ခဲနေတဲ့ကိစ္စမျိုးတွေကို သင့်ထံ မေးမြန်းတင်ပြလာတဲ့ အခါမှာ သေသေချာချာ စဉ်းစားပြီး ( ဒီကစ္စကတော့ နည်းနည်း စဉ်းစားရမယ်၊ အချိန်နည်းနည်းတော့ ပေးပါဦးကွ ) ဆိုတာမျိုး လုပ်သင့်ပါတယ်။ လုပ်ကောင်းပါတယ်။ ပြီး-ပြီးရော့ ဖြေတာမျိုးထက် ဒီလိုအဖြေမျိုးတွေကို ရင်သွေးများက အထင်ကြီးပါတယ်။ အားကိုးပါတယ်။

၎။ ကျောင်းဆိုတာ ၀န်ထုပ်ဝန်ပိုး မဟုတ်ပါဘူး
ဒါကို သေသေချာချာ ရှင်းပြပါ။ တခြားသော ကျောင်းသူလူငယ်တွေအားလုံးဟာလည်း သူ့နည်းသူ့ဟန်နဲ့ ကျောင်းတက်ရတာ ခက်ခဲနေကြပုံတွေကို ရယ်ရယ်မောမော ပြောပြပါ။ သင်ကိုယ်တိုင် ကျောင်းနဲ့ပတ်သက်ပြီး လန့်ဖျား ဖျားခဲ့တာတွေ၊ လွတ်မြောက်ခဲ့တာတွေ၊ ကျောင်းကို ပျော်စရာအဖြစ် မြင်တတ်လာပုံတွေကို ကလေးကို ရင်းရင်းနှီးနှီး ရင်ဖွင့်ပါ။

ခု-တင်ပြထားတာတွေအားလုံးရဲ့ အခြေခံအကျဆုံးအချက်ကတော့ ကလေးပြောတာ နားထောင်ပေးပါ။

ပြောချင်တဲ့စကားလေးတွေ